မိုးရာသီမှာ မိုးရွာတစ်ရက်၊ နေပူ တစ်ရက်လို့ ခေါ်ရ လောက်အောင် မိုးရွာချိန် နည်းနေ ပါတော့တယ်။ မိုးရာသီမို့ ဖြိုင်ဖြိုင် မရွာမယ့် သဘောများ ဆောင်နေသလား မသိ။ မိုးမရွာတဲ့ နေ့တွေမှာ နေက ပူလာ၊ မိုးငွေ့နဲ့မို့ ပူပူ အိုက်အိုက် နေကြ ရပါတယ်။ ဒီကာလတွေမှာ ကျွန်တော်တို့ နိုင်ငံဟာ အီကွေတာ နဲ့လည်း အတော် နီးနေချိန်မို့ နေက ပူစရာ ရှိရင် ပူမယ့် သဘောပဲ ဖြစ်ပါတယ်။ မိုးမရွာတဲ့ နေ့တွေဆို၊ နွေရာသီ တုန်းကလို ပူတတ် ပါတယ်။ ဒါကြောင့် Climate Change ခေါ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကို လက်တွေ့ တွေ့ကြုံ ခံစား နေကြ ရပါပြီ။ ခုတလော သတိထား မိတာက နေပူပူမှာ ရုတ်တရက် မိုးအုံ့လာပြီးချိန် " ဂျိမ်း" ခနဲ မိုးကြိုး ပစ်တတ် တာပါပဲ။ ကောင်းကင်မှာ ဝင်းလက် သွားပြီး တာနဲ့ ကြောက်စရာ အသံ ဟိန်းကြီးနဲ့ ပစ်ထည့် တော့တာပါပဲ။
မိုးကြိုးပစ်ခြင်း (Lightning) ဟာ ကောင်းကင်မှာ လျှပ်စစ် စွမ်းအင်တွေ ထွက်ပေါ် ပေါင်းစည်း ကြတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။ တိမ်တွေ ထဲက အမှုန် အမွှား လေးတွေဟာ မူလ အားဖြင့် Neutral လျှပ်စစ်ဓာတ် မရှိပါဘူး။ မုန်တိုင်း သို့မဟုတ် လေစီးကြောင်း များနဲ့ ရွေ့လျားရင်းနဲ့ Electrically Charged လျှပ်စစ် ဓာတ်အားများ ဖြစ်ပေါ် လာပါတယ်။ လျှပ်စစ်ဓာတ် အဖိုတွေဟာ တိမ်တောင်ရဲ့ အထက်ပိုင်းကို သွားရောက် နေရာ ယူကြပြီး လျှပ်စစ် ဓာတ်အမ တွေကတော့ တိမ်တောင်ရဲ့အောက်ခြေပိုင်းမှာ စုရုံးကြ ပါတယ်။ အဲဒီမှာ သဘာဝ လျှပ်စစ် ဓာတ်ဆွဲငင်မှု (Natural Pull) (လျှပ်စစ်ဓာတ် အဖိုနှင့် အမဓာတ် တို့ဆွဲငင်မှု) ဟာ တိမ်တောင်ရဲ့အတွင်းမှာ ဖြစ်ပေါ် ပါတယ်။ အဲဒီလို ဆွဲငင်ရင်း ရွေ့လျား နေတဲ့ တိမ်တောင် အတွင်းမှာ Electric Spark of Light ခေါ်တဲ့ လျှပ်စီး လက်တာကို တွေ့နိုင် ပါတယ်။ ဒီလို လျှပ်စစ်ဓာတ် ဆွဲငင် စီးဆင်းခြင်း ဖြစ်စဉ်ဟာ တိမ်တောင်ရဲ့ အတွင်းမှာ ဖြစ်စေ၊ တိမ်တောင်များ အချင်းချင်းမှာ ဖြစ်စေ ဖြစ်ပေါ်နေတတ် ပါတယ်။ တစ်ခါတစ်ရံ မှာတော့ တိမ်တောင်တွေမှာ ရှိတဲ့ လျှပ်စစ် အမဓာတ် တွေဟာ ကမ္ဘာ မြေပေါ်က Positive Charge အဖိုဓာတ် တွေနဲ့ ဆွဲငင်ကြ ပါတယ်။ ဒီလို တိမ်တောင်များနဲ့ မြေပြင်တို့ အကြား လျှပ်စစ် ဓာတ်များ ဆွဲငင် စီးဝင်ကြ ခြင်းကို Strokes လို့ ခေါ်ပါတယ်။ ဝင်းခနဲ လက်ခနဲ တွေ့ရတာ ကိုတော့ Return Stroke လို့ ခေါ်ပါတယ်။ ဒီ Return Stroke ခေါ် မိုးကြိုး အလင်း ပြန်ခြင်းဟာ အလင်းရောင်ရဲ့ မြန်နှုန်း အတိုင်း သွားပါတယ်။ ကောင်းကင်နဲ့ မြေပြင် အကြား လျှပ်စစ် အမနဲ့ အဖိုများ အကြား အင်အား ကြီးမားစွာ ဆွဲငင်ကြလို့ကြီးမားတဲ့ လျှပ်စီးကြောင်းကြီးအဖြစ် ဖြစ်ပေါ်တဲ့ မိုးကြိုး ဖြစ်စဉ်မှာ လျှပ်စစ် ဓာတ်အား ဗို့အား သန်း ၁၀ဝ မျှ (100 Million Volts of Electricity) ရှိပါတယ်။ ဒီဓာတ်အားဟာ လေထုကို သန်းပေါင်း ၃၃၀ဝ၀ ဒီဂရီ ဆဲလ်စီး ယပ်စ်နှင့် ညီမျှသော အပူဓာတ် ပေးပါတယ်။ ပြင်းထန် လှတဲ့ အပူဓာတ်ကို ဖြစ်စေ ပါတယ်။ Return Stroke လျှပ်စစ် ဓာတ်ပြန် ခြင်းကြောင့် အဲဒီလို အပူဓာတ် ဖြစ်ပေါ် စေပြီး ပြင်းထန်တဲ့ အသံကြီး ဖြစ်စေပါတယ်။ ဒါကို Thunder မိုးကြိုးပစ်ခြင်းလို့ ခေါ်ကြပါတယ်။ မိုးကြိုးပစ်ခြင်းလို့ ခေါ်ရမယ့် လျှပ်စစ် ဓာတ် စီးဆင်းခြင်း လမ်းတစ်လျှောက်မှာ ရှိတဲ့ အရာဝတ္ထု မှန်သမျှ ထိခိုက် ပျက်စီးခြင်း၊ လောင်ကျွမ်း ခြင်းများ ဖြစ်တတ် ပါတယ်။ လူကို ထိရင် လူသေရ ပါတယ်။ လေ့လာမှု အရ အမေရိကန် ပြည်ထောင်စု တစ်ခု တည်းမှာ နှစ်စဉ် မိုးကြိုးပစ် ခံရလို့ လူပေါင်း ၄၀ဝ လောက် သေဆုံးနေရ ကြောင်း သိရပါတယ်။ မိုးကြိုး ဖြစ်စဉ်က လူ့ခန္ဓာ ကိုယ်ထဲ ဝင်ရောက် ချိန်မှာ နှလုံး၊ ရင်အုပ်ပိုင်း ကြွက်သား များနဲ့ ဦးနှောက်မှာ ရှိတဲ့ Breathing Centre အသက်ရူ မှုကို ထိန်းချုပ် နေရာ တို့ကို ထိခိုက် ပျက်စီး သွားစေ ပါတယ်။ လူရဲ့ နှလုံးဟာ လျှပ်စစ် ဓာတ်အား ၁/ ၁၀၀ အင်ပီယာ (တစ်အင်ပီယာရဲ့ ၁၀၀ ပုံ တစ်ပုံ၊ One- hundredth of an ampere of electris current) စီးဝင် လျှင်ပင် နှလုံး ပျက်စီး ရပ်တန့် သွားနိုင်ခြင်း သို့မဟုတ် နှလုံးခုန်မှုကို ပျက်စီး စေခြင်းတို့ ဖြစ်တတ် ပါတယ်။ (ဒါကြောင့် လျှပ်စစ်ဓာတ် စီးဝင် လှုပ်ရှား နေတဲ့ မည်သည့် လျှပ်စစ် ပစ္စည်း ဥပမာ-လက်ကိုင်ဖုန်း၊ ရေဒီယို၊ ကက်ဆက် စသည် တို့ကို နှလုံး ရှိရာ ရင်ဘတ် ထဲမှာ မထားသင့်ပါ)။ ပုံမှန် မိုးကြိုးပစ်မှု တစ်ခုမှာ လျှပ်စစ် ဓာတ်အား ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ အင်ပီယာ မျှ ဓာတ်အား ရှိပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်၊ လူ့နှလုံး တို့ဟာ လုံးဝ မခံနိုင်တော့ဘဲ ချက်ချင်း ပျက်စီး လောင်ကျွမ်း ရပါတော့တယ်။ မိုးကြိုး ပစ်မှု ဖြစ်စဉ်ရဲ့ သဘာဝကို သိရှိ ထားရင် ကာကွယ် ရှောင်တိမ်း နိုင်ကြပါတယ်။ " မိုးကြိုးပစ် ထန်းလက် နဲ့ကာ" ဆိုသလို မိုးကြိုး ပစ်တာကို ထန်းလက်နဲ့ ကာလို့ မရပါဘူး။ ကြီးမားတဲ့ ပြဿနာကို မရေရာတဲ့ နည်းနဲ့ ဖြေရှင်းလို့ မရတဲ့ သဘောကို တင်စားတာပါ။ မိုးကြိုးပစ် တာဟာ လျှပ်စစ် ဓာတ် ဆွဲငင် စီးဝင်မှု ဖြစ်လို့ လျှပ်စစ်ဓာတ် ဖြစ်ပေါ် စီးဆင်းနေတဲ့ ဝါယာကြိုး၊ လျှပ်စစ်ပစ္စည်း စသည် တို့နဲ့ ဝေးရာမှာ နေ သင့် ပါတယ်။ အိမ်တွင်းက မီးခလုတ်တွေ ပိတ်ထားပါ။ တယ်လီဖုန်း ဆိုရင် ဘယ် တယ်လီဖုန်းကိုမှ မသုံးသင့်ပါ။ အိမ်ပြင်မှာ ရှိနေရင် မြင့်မားတဲ့ အဆောက်အဦ၊ တိုင် စသည်တို့နဲ့ ဝေးရာ ကို ရှောင်ရှားနေပါ။ ပြီးတော့ မြေပေါ် ထိုင်ချပါ။ (အချို့ ပညာရှင် တို့က မြေပြင်ပေါ်မှာ လှဲမအိပ်ပါနဲ့ လို့လည်း ဆိုကြပါတယ်)။ သစ်ပင် မြင့်မြင့်၊ တိုင်မြင့်မြင့်တို့ နားမှာလည်း ရပ်မနေမိပါ စေနဲ့။ ပြီးတော့ ရေနဲ့ ဝေးရာကိုလည်း ရွေးချယ် နေရာယူပါ။ စက်ဘီးစီး နေရင် စက်ဘီးဟာ လျှပ်စစ် စီးဝင်တတ်တဲ့ သတ္တုတွေနဲ့ ပြုလုပ် ထားတာမို့ စက်ဘီးပေါ်က အမြန်ဆုံး ဆင်းပြီး ဝေးဝေးမှာ နေပါ။ ကားထဲမှာ ရှိနေရင်လည်း သတ္တုနဲ့ ပြုလုပ်ထားတဲ့ မည်သည့် ပစ္စည်းကိုမျှ မကိုင်တွယ် ထားပါနဲ့။ ကားအပြင် ထွက်ပြီး လုံခြုံရာမှာ နေရာယူပါ။ Fame Equipment ခေါ်တဲ့ လယ်ယာသုံး ထွန်၊ ထယ်၊ ပေါက်တူး၊ ပေါက်ပြား စသည်တို့ကိုလည်း မကိုင်တွယ် ထားပါနဲ့။ လေမုန်တိုင်း တိုက်ချိန် မိုးကြိုးပစ် တတ်သလို၊ နေပူ မိုးရွာချိန် မှာလည်း မိုးကြိုးပစ် တတ်ပါ တယ်။ တစ်ခါတစ်ရံ မိုးကြိုး မုန်တိုင်း ဆိုပြီး မိုးကြိုးများ ဆက်တိုက် ပစ်ချတတ် ပါတယ်။ ဒီလို အခါမျိုးမှာ အားလုံး ငြိမ်သက် သွားပြီး မိနစ် ၃၀ အကြာ လောက်မှ အပြင်ကို ထွက်သင့်ပါ တယ်။ တချို့က ရော်ဘာဟာ လျှပ်စစ် မကူးနိုင်လို့ ရော်ဘာ ပစ္စည်း တစ်ခုခုနဲ့ ကာကွယ်လို့ ရတယ်တဲ့။ မဖြစ်နိုင်လို့ မယုံသင့် ပါဘူး။ ဒါကြောင့် မိုးဦး၊ လေဦး မိုးရာသီ အတွင်းနဲ့ အချိန်မလပ် ဖြစ်ပေါ် နေတတ်တဲ့ သဘာဝ ဖြစ်စဉ် တစ်ခု ဖြစ်တဲ့ မိုးကြိုး ပစ်ခြင်း အကြောင်း အများ ပြည်သူတို့ သိရှိ နားလည် ထားသင့်ပါတယ်။ " အသိဥာဏ် ရှိခြင်းဟာ အန္တရာယ် များကို ကောင်းစွာ ကာကွယ် နိုင်ခြင်း " ဖြစ်ပါတယ်။
ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)
No comments:
Post a Comment