ပူပြင်းသော နွေရာသီအချိန်တွင် ၀ိုင်ယာ ရှော့ကြောင့် မီးလောင်မှု များမကြာခဏ ဖြစ်ပွားလေ့ရှိနေရာ ထိုကဲ့သို့ ဖြစ်ပွားခြင်း မှကာကွယ် ရန်အတွက် ၀ိုင်ယာကြိုးများ အရည်အသွေးပြည့်မီရန်နှင့် အိမ်ရှင် များဘက်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတို့ ကိုအထူး ဂရုစိုက် အလေး ပေးရန်လိုအပ်ကြောင်းလျှပ်စစ် ကျွမ်းကျင်သူပညာရှင် တစ်ဦးက အကြံပြုပြောကြားသည်။
ပြည်တွင်းဈေးကွက်ရှိ လျှပ်စစ် ၀ိုင်ယာကြိုးအများစုသည် သတ်မှတ် အရည်အသွေးများနှင့် မပြည့်မီသည့် အတွက် အပူချိန်တက်မှုကို ပိုမိုဖြစ်ပွား စေနိုင်ကြောင်း သိရသည်။
"ကြေးကြိုးတွေရဲ့ အရွယ်အစားက ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ် ချက်ရှိတယ်။ အဲဒီအတိုင်း မဖြစ်ကြဘူး။ တချို့က သတ် မှတ်တာရဲ့အောက်ကို ရာခိုင်နှုန်း ၄၀ လောက်အထိကွာတယ်။ ဒါကို တော်ရုံလူက မသိနိုင်ဘူး။ အပြင်မှာ ရေးထားတဲ့အတိုင်း အတွင်းက မဟုတ်တော့ အပူချိန်တက်စရာရှိရင် ပိုတက်တာပေါ့။ ၀ိုင်ယာကြိုးထဲက ကြေးကြိုးဟာ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ကြေး စစ်စစ်ဖြစ်ရမယ်။ နောက်ပိုင်း ဘာတွေ တွေ့လာရသလဲဆိုတော့ ကြေးကို ကြေးဝါနဲ့ သွပ်နဲ့ ရောထားတယ်။ ရှိရမယ့် အရွယ်အစားနဲ့ ကြေးရဲ့ အရည် အသွေးတွေက မပြည့်မီတဲ့အတွက် လျှပ်စစ်စီးကြောင်း စီးရာမှာ အဟန့် အတားဖြစ်တယ်။ အထဲက ကြေးက ကြေးစစ်စစ်မဟုတ်တော့ ခုခံမှု များတယ်။ လျှပ်စစ်စီးတာကို ခုခံမှုများရင် အပူချိန်တက်တယ်။ အဲဒီလို အရည် အသွေးမမီတာတွေကြောင့် သတ်မှတ် ထားတဲ့ လျှပ်စစ်စီးကြောင်းအတိုင်း ၀င်လာသည် ဖြစ်စေကာမူ အပူချိန်က ပိုတက်တယ်"ဟု Electrical & Electronics Manufacturing Co-op Society လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဖေသိန်းက ရှင်းပြသည်။
"၀ိုင်ယာကြိုးတွေထဲမှာ ကြေးနန်းမျှင် တွေပါတယ်။ ကြေးနန်းမျှင်တွေထဲမှာ စီးဆင်းသွားတဲ့ လျှပ်စစ်စီးကြောင်း၊ အမ်ပီယာလို့ ခေါ်တယ်။ သတ်မှတ်ချက်ထက် လွန်လာရင် အပူချိန်တက်လာတယ်။ ပတ်ဝန်းကျင်က အပူချိန်နည်းနေတဲ့ အချိန်မှာ ၀ိုင်ယာကြိုး အတွင်းက အပူချိန်ကလည်း နည်းတာပေါ့။ ပတ်ဝန်းကျင်က အရမ်းပူနေတဲ့အချိန် ဆိုရင်တော့ ခုန၀ိုင်ယာကြိုးထဲမှာ လျှပ်စစ် စီးကြောင်း စီးလို့ တက်လာတဲ့ အပူချိန်နဲ့ ပတ်ဝန်းကျင် အပူချိန် ပေါင်းစပ်လိုက်တဲ့အခါကျတော့ သိပ်မြင့် သွားတာပေါ့။ အဲဒီအခါ ကြေးနန်းကြိုး အပေါ်က ဖုံးကာထားတဲ့ ပလတ်စတစ် ခံနိုင်ရည်က ၁၀၀ ဒီဂရီစင်တီဂရိတ် အမြင့်ဆုံးပဲ။ တချို့ဆို ၇၀၊ ၈၀ စင်တီ ဂရိတ်ပဲ ရတယ်။ အဲဒီအခါ အတွင်း က အပူချိန်က သူ့ခံနိုင်ဝန်အားထက် ကျော်သွားရင် အလိုလိုမီးထတောက် တယ်။ ဒါပေမယ့် ထုတ်လုပ်သူနဲ့ အင်ဂျင် နီယာတွေဟာ ပတ်ဝန်းကျင် အပူချိန် ကို ၄၅၊ ၅၀ ဒီဂရီစင်တီဂရိတ် လောက် ထိ အမြဲတမ်း တွက်ချက်ပြီးမှ ထုတ်လုပ် လေ့ရှိကြတယ်။ ပတ်ဝန်းကျင်အပူချိန် သက်ရောက်မှု တစ်ခုတည်းနဲ့ မီးထတောက်တတ်တာတော့ မဟုတ် ဘူး"ဟု ဦးဖေသိန်းက မြန်မာတိုင်း(မ်) ကို ရှင်းပြသည်။
"ဘယ်ပစ္စည်းမဆို သူ့မှာ မီးထ တောက်တဲ့အမှတ် Flash Point ဆိုတာ ရှိတယ်။ Flash Point နိမ့်တဲ့ ပစ္စည်း ရှိတယ်၊ မြင့်တဲ့ပစ္စည်း ရှိတယ်။ သူသတ် မှတ်ထားတဲ့ အပူချိန်ထက်လွန်ကဲရင် မီး ထတောက်တယ်။ အဲဒီတော့ ဒီဝိုင်ယာ ကြိုးတွေပေါ်မှာ ဖုံးကာထားတဲ့ ပလတ် စတစ်က ပုံမှန်အားဖြင့် ၇၀၊ ၈၀ ဒီဂရီ စင်တီဂရိတ် ခံနိုင်တယ်။ တချို့က ၁၀၀ ထိရတယ်။ ၀ိုင်ယာရှော့ကြောင့် မီးလောင်တယ် ဆိုရာမှာ ပတ်ဝန်းကျင် အပူချိန်နဲ့လည်း သက်ဆိုင်တယ်။ မြန်မာပြည်မှာ ပတ်ဝန်းကျင်အပူချိန်ကို အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီ ဂရိတ်ထိ သတ်မှတ်နိုင်တယ်။ အဲဒါနဲ့ ၀ိုင်ယာကြိုး အတွင်း အပူချိန်တွေ ပေါင်းလိုက်ရင် တော့ ၈၀၊ ၉၀ ဒီဂရီစင်တီဂရိတ် လောက်ထိ ရောက် သွား ရင်တော့ မီး ထတောက်ဖို့ မြန်တာပေါ့"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ဝိုင်ယာကြိုးများအတွင်း စီးဆင်းသည့် လျှပ်စစ်စွမ်းအားကို မိမိအသုံးပြုသော ၀ိုင်ယာအရွယ်အလိုက် ၁,၀၀၀ ၀ပ်၊ ၂,၀၀၀ ၀ပ် အစရှိသည့် ၀န်အားက ကန့်သတ်ကြောင်း သိရသည်။
ယင်း သတ်မှတ်ထားသော ၀န်အားထက် ပိုမသုံးသင့်ကြောင်းကို ၀ိုင်ယာကြိုးများ တွင် ယင်းတို့၏ အရွယ်အစားအလိုက် သတ်မှတ် ချက်များ ဖော်ပြထားတတ် ကြောင်း ဦးဖေသိန်းကပြောသည်။
အဆောက်အအုံတွင် နေထိုင်သူများ အနေဖြင့် ပြင်ပတစ်နေရာရာသို့ သွား တော့မည်ဆိုပါက မိန်းချ၍ လျှပ်စစ်စီး ဆင်းမှု ပတ်လမ်းကို ဖြတ်တောက်ထား ခဲ့ခြင်းသည် စိတ်အချရဆုံးဖြစ်ကြောင်း သိရသည်။
နေထိုင်သူများအနေဖြင့် မိမိတို့ သွယ် တန်းမည့် ၀ိုင်ယာကြိုးများကို စစ်ဆေး ၀ယ်ယူရန် လိုအပ်သော်လည်း ပညာ ရှင်မဟုတ် သူများအနေဖြင့် အလွယ်တကူ မသိနိုင်သည့်အတွက် လျှပ်စစ်သုံးစွဲ မှုကို လျှော့သုံးရန် လိုအပ်ကြောင်း ၎င်း ကပြောသည်။
ထို့ ပြင် အဆောက်အအုံ တည်ဆောက်သူများဘက်မှလည်း လုံးချင်းလူနေအိမ်နှင့် တိုက်ခန်းများ ဆောက်လုပ်ရာတွင် လျှပ်စစ် သွယ်တန်း မှုအတွက်အရည်အသွေးကို အထူး အလေးထား၍ ဆောင်ရွက်ရန် လိုအပ် ကြောင်းသိရသည်။
ဓာတ်လိုက်ခြင်း (Electric Shock) နှင့် လျှပ်စစ်လွန်ကဲ၍ မီးတောက်ခြင်း (Electric Short) တို့မှာ မတူညီကြ ပေ။
ဓာတ်လိုက်ခြင်း၏ ပြင်းထန်ခြင်း၊ မပြင်းထန်ခြင်းမှာ လူ၏ အသွေးအသား၊ ဖြစ်ပျက်သော အနေအထားတို့ ပေါ်တွင် မူတည်သည့် အတွက် သာမန်ဓာတ် လိုက်သော အမှုကိစ္စများတွင် အများအားဖြင့် အသက်သေဆုံးခြင်း၊ အနာတရဖြစ်ခြင်းတို့ နည်းပါးကြောင်း ဦးဖေသိန်းက ပြောပြသည်။
"လျှပ်စစ်ပစ္စည်းတွေကို အများဆုံး ကိုင်တွယ် အသုံးပြုတဲ့လူတွေ ဓာတ် လိုက်ခံရတတ်ပါတယ်။ လျှပ်စစ်ပစ္စည်း အများဆုံး ကိုင်တွယ် အသုံးပြုရတာ မီး ဖိုချောင်ပေါ့။ အိမ်ရှင်မတွေအနေနဲ့ မီးဖို ရှေ့မှာ ခြောက်သွေ့တဲ့ ပျဉ်ခင်း၊ သို့မဟုတ် ရော်ဘာပြားတစ်ခု ခင်းထား သင့်ပါတယ်။ အဲဒီပေါ်ကနေ ဟင်းချက်မယ်၊ မီးဖိုကို ကိုင်တွယ်မယ်ဆို အန္တရာယ်ကင်းပါတယ်။ ရော်ဘာဖိနပ်စီးထားမယ်၊ လျှပ်စစ် ပစ္စည်း တွေကို ခြောက်သွေ့တဲ့ ပျဉ်ခင်း၊ ဖယောင်းပုဆိုးအခင်းပေါ်က ကိုင်တွယ် မယ်ဆိုရင် ဓာတ်လိုက်ခံရစေဦးတော့ ကြီးကြီး မားမား မဖြစ်နိုင်ပါဘူး"ဟု ဦးဖေ သိန်းက အကြံပြုပြောကြားခဲ့သည်။
No comments:
Post a Comment