(မြ၀တီ(www.myawadi.com.mm) မှ အနည်းငယ် တည်းဖြတ်ပြီး တင်ပြပါသည်။)
လျှပ်စစ်
အန္တရာယ်သည် နွေ၊ မိုး၊ ဆောင်း အချိန်ကာလ မရွေး ဖြစ်ပွား နိုင်သောအရာ
ဖြစ်ပေသည်။ သတိမပြု မိလျှင် ဓာတ်လိုက် သေ ဆုံး နိုင်ပေသည်။ မြွေကိုက်လျှင်
ဆေးရှိ ပေသည်။ ဓာတ်လိုက် လျှင်တော့ ဆေး မရှိပေ။ အသက် ဆုံးရှုံး သွားနိုင်
ပေသည်။
လူအများသည်
လျှပ်စစ်ကို ပေါ့ပေါ့ တန်တန်ပင် သဘောထား ကြသည်။ နေအိမ်တွင် အိမ်သုံး
လျှပ်စစ်ကြိုး သွယ်တန်းရာတွင် နားလည် တတ်ကျွမ်းသော လျှပ်စစ် ဌာနမှ
ဝန်ထမ်းများကို ခေါ်ယူ
သွယ်တန်းခြင်း မပြုဘဲ အရပ်ထဲမှ လျှပ်စစ် သမားများကို သွယ်တန်း ခိုင်းလေ့
ရှိပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် မလိုလား အပ်သည့် လျှပ်စစ်
အန္တရာယ်များ ဖြစ်ပွားလေ့ ရှိပါသည်။ လျှပ်စစ်မီတာ တစ်လုံးသည် တပ်ဆင် ထားသော
ထိုအိမ် အတွက်သာ ဖြစ်ပြီး တခြားအိမ်များ အတွက် ဆင့်ပွား မသုံးသင့်ပေ။
နေအိမ်များတွင်
တပ်ဆင်ထားသော လျှပ်စစ်ကြိုး များသည် အနှစ် ၃ဝ ကျော် ရှိနေသည့် အတွက်
ဟောင်းနွမ်းလျက် ရှိပြီး ကြိုးအသစ် ပြန်လည်လဲရန် အခြေအနေသို့ ရောက်
ရှိနေပြီ ဖြစ်သော်လည်း လဲလှယ်ခြင်း မပြုသည့် အပြင် နေအိမ် နောက်ဖေး
မြေကွက်လပ်တွင် တဲထိုးပြီး အိမ်ငှား ထားသည့် အတွက် ၎င်းနေအိမ် များသို့
လျှပ်စစ် မီးကြိုး တစ်ဆင့် သွယ်တန်းပြီး မီးပေးရ လေသည်။ ထိုကဲ့သို့ အပိုနေ
အိမ်များသို့ မီးပေး ရသည့် အတွက် သွယ်တန်း ထားသော ဆားဗစ်ကြိုးမှာ မကြာခဏ
ဆိုသလို အပူလွန် ကဲပြီး ဓာတ်တိုင်မှ ချိတ်ထားသော ကြိုးမှာ ပြတ်ပြီး
ထိုလိုင်းခန်း မီးပျက်သည်ကို တွေ့မြင်နေ ရပါသည်။ မီတာ တစ်လုံးနှင့်
နေအိမ်ခန်း ရှစ်ခန်း အတွက် မီးပေးထား သော်လည်း အပို မီးကြိုး သွယ်တန်းမှု
များရှိ သောကြောင့် မီးအားမှာ လိုသလောက် အားမပြည့်ပေ။ ထိုအခါ
မီးအားမြှင့်စက်များ အသုံးပြု သောကြောင့် ထိုလိုင်းခန်းမှာ လျှပ်စစ်
အန္တရာယ် ဖြစ်ပေါ်နိုင် ပေသည်။
အိမ်သုံး
မီတာနှင့် လုပ်ငန်းသုံး မီတာ (ခ) ပါဝါမီတာ ဟူ၍ နှစ်မျိုးထား ရှိပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ အိမ်အတွက် အိမ်သုံး မီတာ၊ လုပ်ငန်း အတွက်
လုပ်ငန်းသုံး မီတာများ ထုတ်ပေးထား သော်လည်း ပြည်သူ တချို့သည် အိမ်သုံး မီတာနှင့်ပင် လုပ်ငန်းကို သုံးစွဲနေ
ကြပါသည်။ ထိုကဲ့သို့ သုံးစွဲမှုကြောင့် ဝါယာကြိုးများ ပူပြီး ရှော့ခ်ဖြစ်ကာ
မီးလောင်မှုများ ဖြစ်ပွား သည်ကို တွေ့ရှိ ရပါသည်။ စက်ရုံ အလုပ်ရုံများ၊
ဈေးများ၊ ရုံးများတွင်လည်း နိုင်ငံတော်မှ လျှပ်စစ် အန္တရာယ် ကင်းဝေး စေရေး
အတွက် ''ရုံးဆင်းရုံးပြန် မမေ့ရန် မီးနှင့် ပန်ကာပိတ်'' ဟူသော စာတန်းများ
ချိတ်ဆွဲ ထားသည်ကို တွေ့ရှိ ရမှာ ဖြစ်ပါသည်။
လျှပ်စစ်
ဓာတ်အား သုံးစွဲမှု တိုးတက် လာသည်နှင့် အမျှ လျှပ်စစ် အန္တရာယ်ကို သတိ မပြု
မိခြင်း၊ ပေါ့ဆစွာ သုံးစွဲ မိခြင်း တို့ကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု၊
သေဆုံး မှုများ မြင့်မားလျက် ရှိကြောင်း တွေ့ရှိ ရပါသော ကြောင့် လျှပ်စစ်
စွမ်းအား ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် ဓာတ်အား သုံးစွဲ သူများ လိုက်နာ
သိရှိရန် အတွက် သတိပေး နှိုးဆော်ချက်များ ထုတ်ပြန် ထားရာ-
"ဓာတ်အားလိုင်း ကြိုးများ ပြတ်ကျနေခြင်း၊ လျော့ကျ နေခြင်း၊ ဓာတ်အား
လိုင်းကြိုး များပေါ်သို့ သစ်ပင် သစ်ကိုင်းများ လဲကျနေခြင်း၊ ဓာတ်တိုင်မှ
မိမိအိမ်သို့ ဆွဲထားသော ဆားဗစ် ဝါယာကြိုးများ ပြတ်ကျ နေခြင်း၊ လျော့ကျ
နေခြင်းများ တွေ့ရှိပါက ကိုင်တွယ်ခြင်း မပြုရ၊ အခြားသူများ ထိခိုက်မှု
မရှိအောင် စောင့် ကြပ်ခြင်း၊ တားဆီး ကာကွယ်ခြင်းများ ဆောင်ရွက် ထားရန်နှင့်
နီးစပ်ရာ လျှပ်စစ် ဌာနသို့ အမြန် ဆုံး အကြောင်း ကြားရန်။
ဓာတ်တိုင်မှမိမိအိမ်သို့
ဆွဲထားသောဝါယာကြိုး (ဆားဗစ်ကြိုး) ဟောင်းနွမ်း ဆွေးမြည့် ပေါက်ပြဲ
နေခြင်း၊ အသုံးပြု ကာလ ၁ဝ နှစ် ကျော်နေခြင်း များကို ဆားဗစ် ဝါယာကြိုး
အသစ်များဖြင့် အမြန်ဆုံး လဲလှယ်ပါ။
ဓာတ်လိုက်မှု
အန္တရာယ် ဖြစ်ပေါ် နိုင်ပါ သဖြင့် မိမိအိမ်ရှိ ဝန်းခြံစည်းရိုး၊
အိမ်ခေါင်မိုး၊ သံပန်း သံတံခါး၊ သံဆန်ခါ များတွင် မီးကြိုးများနှင့်
ထိနေခြင်း၊ သွယ်တန်း ချည်နှောင် ထားခြင်းများ မရှိ စေရန် အထူး သတိ ပြုပါ။
အိမ်သုံး
လျှပ်စစ် ပစ္စည်းများ ကိုင်တွယ် သုံးစွဲ ရာတွင် ရေစို လက်ဖြင့်
ကိုင်တွယ်ခြင်း၊ ခြောက်သွေ့ သော ဖိနပ် စီးထားခြင်း မရှိဘဲ ကိုင်တွယ်
ခြင်းများ မပြုရ။
ဓာတ်လိုက်ခြင်း
ခံရသူအား လက်ဖြင့် ဆွဲပါက ဓာတ်လိုက် ခံရမည်ကို အထူး သတိပြုပြီး ဓာတ်အား
လိုင်း ဖြတ်ခြင်း၊ ခြောက်သွေ့သော ဝါး၊ သစ်သားဖြင့် တွန်းထုတ် ဖယ်ရှားပါ" ဟူ၍
ဖြစ်သည်။
အချုပ်အားဖြင့်
ဆိုရပါလျှင် လျှပ်စစ် အန္တရာယ် ကင်းဝေးရေး အတွက် လျှပ်စစ် သုံးစွဲသူ ပြည်သူ
အပေါင်းမှ ဓာတ်အား သုံးစွဲရာ တွင် ပေါ့ပေါ့ တန်တန် သဘော မထားဘဲ စည်းကမ်း
ရှိစွာ စနစ် တကျ သုံးစွဲပြီး လျှပ်စစ် အန္တရာယ် ဖြစ်စေ နိုင်သော ကိစ္စရပ်များ
တွေ့ ရှိပါက နီးစပ်ရာ လျှပ်စစ် ရုံးသို့ အမြန်ဆုံး အကြောင်း ကြားပြီး
လျှပ်စစ် အန္တရာယ် ကင်းဝေး နိုင်ရေး အတွက် ပြည်သူ အပေါင်းမှ ဝိုင်းဝန်း
ဆောင်ရွက် သင့်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပါသည်။
No comments:
Post a Comment